
ကောင်ဆယ်လင်း(Counselling) ဆိုသည်မှာ
အဘယ်နည်း
ကောင်ဆယ်လင်းဆိုသည်မှာ လူတစ်ဦး၏အတွေးများ၊ ခံစားချက်များနှင့် အတွေ့အကြုံ
များကို ဘေးကင်းပြီး ပံ့ပိုးမှုရှိသောပတ်ဝန်းကျင်တွင် စူးစမ်းလေ့လာနိုင်ရန် ကူညီ
ပေးသည့် ကျွမ်းကျင်မှုဆိုင်ရာ စကားပြောဆိုခြင်းဖြစ်ပါသည် ။ နှစ်သိမ့်ဆွေးနွေးသည်ဟု
အသိများသော ကောင်ဆယ်လင်းတွင် ကောင်ဆယ်လာသည် ဂရုတစိုက် နားထောင်ပေးပြီးစိန်ခေါ်မှုများ၊ စိတ်ခံစားမှုများနှင့် အခြေအနေများကို ပိုမိုနားလည်လာစေရန် ကလိုင်းယင့်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ပါသည် ။ ၎င်းသည် လူများကို ဘာလုပ်ရမည်ဟု ခိုင်းစေခြင်း သို့မဟုတ် လွယ်ကူသော အကြံဉာဏ်များ ပေးခြင်း မဟုတ်ပါ ။ ယင်းအစား မိမိ၏အတွေ့အကြုံများကို ပြန်လည်ဆန်းစစ်ရန်၊ကိုယ်ပိုင်အင်အားများကို ရှာဖွေရန်နှင့်
ရှေ့ဆက်နိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်ရန် ကူညီပေးခြင်း ဖြစ်ပါသည် ။
ကောင်ဆယ်လင်းက မည်သို့အကျိုးကျေးဇူး ရှိ
နိုင်သနည်း။
ကောင်ဆယ်လင်းသည် လူများကို နည်းလမ်းပေါင်းများစွာဖြင့် ကူညီပေးနိုင်ပါသည်။ ၎င်းသည်လူတစ်ဦးချင်းစီ၏ အတွေ့အကြုံများကို မည်သို့မျှ အကဲဖြတ်ဝေဖန်ခြင်း ခံရမည်မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်မည့် လျှို့ဝှက်ချက်ထိန်းသိမ်းပေးသော နေရာတစ်ခုကို ဖန်တီးပေးပါသည်။
ကောင်ဆယ်လင်းအားဖြင့် လူများသည် –
- မိမိတို့၏ အတွေးများနှင့် ခံစားချက်များကိုပိုမိုနားလည်လာနိုင်ခြင်း
- စိတ်ဖိစီးမှု၊ ဝမ်းနည်းပူဆွေးမှု သို့မဟုတ်ခက်ခဲသော ဘဝဖြစ်ရပ်များကို ရင်ဆိုင်
ကျော်လွှားနိုင်ခြင်း - လူမှုဆက်ဆံရေးနှင့် ဆက်သွယ်ပြောဆိုမှုများကို ကောင်းမွန်စေခြင်း
- စိန်ခေါ်မှုများကို တုံ့ပြန်ရာတွင် ပိုမိုကျန်းမာသော နည်းလမ်းများကို ဖော်ဆောင်
လာနိုင်ခြင်း - အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရှင်းလင်းပြတ်သားမှု ရရှိခြင်း
- မိမိ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာသုခကို မြှင့်တင်နိုင်ခြင်း စသည်တို့ကိုရရှိနိုင်ပါသည်။
ကောင်ဆယ်လင်း လုပ်ငန်းစဉ်တစ်ခုစီသည် တစ်ခုနှင့်တစ်ခု မတူညီကြဘဲ ကလိုင်းယင့်၏
လိုအပ်ချက်နှင့် ရည်မှန်းချက်များအပေါ်တွင်သာမူတည်၍ လမ်းညွှန်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ဤလမ်းကြောင်း (Pathway) တွင် ပါဝင်သော ကောင်ဆယ်လာများမှာ မည်သူတို့နည်း
Myanmar Professional Counsellor Pathway တွင် ပါဝင်သော ကောင်ဆယ်လာများသည် ကျင့်ဝတ်နှင့်အညီ ကျွမ်းကျင်စွာ ဆောင်ရွက်ရန် ကတိပြုထားကြသူများ ဖြစ်ကြသည်။ အဖွဲ့ဝင်များသည် မတူကွဲပြားသော နောက်ခံသမိုင်းကြောင်းများမှ လာကြသူများဖြစ်ပြီး လူ့အဖွဲ့အစည်းအသီးသီးရှိ နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ကျန်းမာရေး ပံ့ပိုးကူညီခြင်းနှင့် လူမှုစိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသူများ ဖြစ်သည်။
ဤလမ်းကြောင်းရှိ အဖွဲ့ဝင်အားလုံးသည် ၎င်းတို့၏ ကောင်ဆယ်လင်းလုပ်ငန်းများတွင် ကျွမ်းကျင်မှုဆိုင်ရာ လမ်းညွှန်ချက်များ၊ ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများနှင့် ကြီးကြပ်လမ်းညွှန်မှု (Supervision) ဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာရန် သဘောတူညီကြသည်။ ဤသည် ကောင်ဆယ်လာများ၏ ကျွမ်းကျင်မှုများကိုမြှင့်တင်ရန်နှင့် ကလိုင်းယင့်များ၏ ကောင်းကျိုးအတွက် တာဝန်ယူမှုရှိသော လက်တွေ့လုပ်ဆောင်မှုကို ထိန်းသိမ်းနိုင်ရန် ပံ့ပိုးကူညီပေးပါသည်။

ဤလမ်းကြောင်းတွင် ပါဝင်သော ကောင်ဆယ်လာများကို မည်သို့ လေ့ကျင့်ပေးသနည်း
Myanmar Professional Counsellor Pathway သည် ကောင်ဆယ်လာများ၏ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းများကို မြှင့်တင်ပေးရန်အတွက် သင်တန်းတက်ရောက်ခြင်း၊ ကြီးကြပ်မှုအောက်တွင် လက်တွေ့လေ့ကျင့်ခြင်းနှင့် အစဉ်တစိုက် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ပါဝင်သော စနစ်တကျ ပြုလုပ်ထားသည့် လုပ်ငန်းစဉ်များဖြင့် ပံ့ပိုးပေးပါသည်။
ကောင်ဆယ်လာများသည် အောက်ပါတို့မှတစ်ဆင့် ၎င်းတို့၏ ကျွမ်းကျင်မှုကို မြှင့်တင်ကြသည် –
- ကောင်ဆယ်လင်းသင်တန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပညာရေး
- ကြီးကြပ်မှုအောက်တွင် ဆွေးနွေးခြင်း
- စဉ်ဆက်မပြတ် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (OPD) လှုပ်ရှားမှုများ
- ကျင့်ဝတ်နှင့် ကျွမ်းကျင်မှုဆိုင်ရာ လမ်းညွှန်ချက်များ
- ပြန်လည်သုံးသပ်သင်ယူခြင်းနှင့် ကြီးကြပ်လမ်းညွှန်မှု ခံယူခြင်း
ကောင်ဆယ်လာများအနေဖြင့် ကလိုင်းယင့်များအတွက် ဘေးကင်းပြီး ကျင့်ဝတ်နှင့်ညီသော ပံ့ပိုးမှုများကို ပေးနိုင်ရန်အတွက် ဤလမ်းကြောင်းသည် အစဉ်တစိုက် လေ့လာသင်ယူမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ တာဝန်ယူမှုကို အလေးပေးပါသည်။
ဘေးကင်းသော ကောင်ဆယ်လင်း (Safe Counselling) ဆိုသည်မှာ မည်သို့နည်း။
ဘေးကင်းသော ကောင်ဆယ်လင်း ဆိုသည်မှ ကလိုင်းယင့်၏ ဂုဏ်သိက္ခာ၊ကောင်းကျိုးနှင့် အခွင့်အရေးများကို လေးစားလိုက်နာခြင်း ဖြစ်သည်။ကောင်ဆယ်လာများသည် အောက်ပါတို့ကို ရည်မှန်းလုပ်ဆောင်ကြသည် –
- လေးစားမှုရှိပြီး အကဲဖြတ်ဝေဖန်မှုမရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်
- ကလိုင်းယင့်၏ လျှို့ဝှက်ချက်ကို ကာကွယ်ပေးရန်
- ကောင်ဆယ်လင်း လုပ်ငန်းစဉ်ကို ရှင်းလင်းစွာ ရှင်းပြရန်
- မိမိ၏ ကျွမ်းကျင်မှုနယ်ပယ်အတွင်းမှသာ အလုပ်လုပ်ရန်
- လိုအပ်သည့်အခါ ကြီးကြပ်လမ်းညွှန်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများကို ရယူရန်
- ကလိုင်းယင့်၏ ရွေးချယ်မှုများနှင့် ကိုယ်ပိုင်တန်ဖိုးထားမှုများကို လေးစားရန်
ဘေးကင်းသော ကောင်ဆယ်လင်းတွင် ကောင်ဆယ်လာများသည် ၎င်းတို့၏ကျွမ်းကျင်မှုဆိုင်ရာ စည်းခြားမှု (Boundaries) များကို သိရှိနားလည်ခြင်းလည်းပါဝင်သည်။ အကယ်၍ ကလိုင်းယင့်၏ လိုအပ်ချက်သည် ကောင်ဆယ်လာ၏ကျွမ်းကျင်မှုထက် ကျော်လွန်နေပါက ကြီးကြပ်လမ်းညွှန်မှု ရယူခြင်း သို့မဟုတ်ကလိုင်းယင့်အား အခြားသင့်လျော်သော ကျွမ်းကျင်ပညာရှင်ထံသို့ လွှဲပြောင်းပေးခြင်း (Refer) တို့ကို ပြုလုပ်ရမည်ဖြစ်သည်။
Myanmar Professional Counsellor Pathway သည် ဘေးကင်းပြီး တာဝန်ယူမှုရှိသော ကောင်ဆယ်လင်း ဖြစ်စေရန်အတွက် ကောင်ဆယ်လာများအားကျွမ်းကျင်မှုဆိုင်ရာ လမ်းညွှန်ချက်များ၊ ကြီးကြပ်မှုဆိုင်ရာ သတ်မှတ်ချက်များနှင့် အစဉ်တစိုက် သင်ယူလေ့လာမှုများကို လိုက်နာရန် တိုက်တွန်းပါသည်။
ကလိုင်းယင့်များတွင် အောက်ပါအခွင့်အရေးများ ရှိပါသည် –
- လေးစားစွာ ဆက်ဆံခံရရန်
- ကောင်ဆယ်လင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းရန်
- ကောင်ဆယ်လင်းကို မည်သည့်အချိန်တွင်မဆို ရပ်တန့်ရန်
- ဆန္ဒရှိပါက အခြားကောင်ဆယ်လာတစ်ဦးကို ပြောင်းလဲရှာဖွေရန်
- စိတ်မသက်မသာ ဖြစ်ရပါက စိုးရိမ်ပူပန်မှုများကို တင်ပြရန်
Proudly powered by WordPress
