ကောင်ဆယ်လင်းပညာ လေ့လာသင်ယူခြင်း

လူအများအပြားသည် အခြားသူများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခကိုအထောက်အကူပြုရန်နှင့် ကောင်ဆယ်လား (Counsellor) များဖြစ်လာရန်
စိတ်ဝင်စားကြသည်။ ကောင်ဆယ်လင်း (Counselling) ဆိုသည်မှာစနစ်တကျ လေ့ကျင့်မှု၊ ကြီးကြပ်လမ်းညွှန်မှုအောက်တွင် လက်တွေ့လုပ်ဆောင်မှုနှင့် အစဉ်တစိုက် လေ့လာသင်ယူမှုတို့ လိုအပ်သော ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ်တစ်ခုဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နှစ်သိမ့်ဆွေးနွေးပညာဆိုင်ရာ ဘွဲ့သင်တန်းများမှာ အကန့်အသတ်ရှိနေသေးသည်။ အခွင့်အလမ်းရှိသူများအနေဖြင့်
တက္ကသိုလ်များ သို့မဟုတ် အသိအမှတ်ပြုထားသော အဖွဲ့အစည်းများတွင်နှစ်သိမ့်ဆွေးနွေးပညာ၊ စိတ်ပညာ သို့မဟုတ် ဆက်စပ်နေသော စိတ်
ကျန်းမာရေးနယ်ပယ်များ၌ အသိအမှတ်ပြု အဆင့်မြင့်ပညာရေးသင်တန်းများကို တက်ရောက်ရန် ကျွန်ုပ်တို့ အလေးအနက် တိုက်တွန်းပါသည်။

ကျောင်းပညာရေးသည် ကောင်ဆယ်လင်းဆိုင်ရာ သီအိုရီများ၊ ကျင့်ဝတ်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုများအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို ပေးစွမ်းနိုင်သည်။

Photo 2026 06 29 09 09 42 1024x576

မြန်မာနိုင်ငံတွင် ကောင်ဆယ်လင်းပညာကို လေ့လာခြင်း

မြန်မာနိုင်ငံအတွင်း ကောင်ဆယ်လင်း အတတ်ပညာများကို လေ့လာရန်စိတ်ဝင်စားသူများအတွက် အခြေခံအုတ်မြစ်များကို မိတ်ဆက်ပေးနိုင်မည့်
သင်တန်းအချို့ ရှိပါသည်။ ဤသင်တန်းများသည် သင်ယူသူများအားနားထောင်ခြင်း၊ ဆက်သွယ်ပြောဆိုခြင်းနှင့် ကျင့်ဝတ်နှင့်ညီသော ကူညီမှု
ဆိုင်ရာ ဆက်ဆံရေးများတွင် အခြေခံဗဟုသုတနှင့် လက်တွေ့ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန် ကူညီပေးနိုင်ပါသည်။

အကြံပြုထားသော သင်တန်းများမှာ-

  • အခြေခံ ကောင်ဆယ်လင်း စွမ်းရည်သင်တန်း (Basic Counselling Skills Training) – Counselling Corner
  • အလယ်အလတ် ကောင်ဆယ်လင်း စွမ်းရည်သင်တန်း (Intermediate Counselling Skills Training) – Counselling Corner
  • အဆင့်မြင့် ကောင်ဆယ်လင်း စွမ်းရည်သင်တန်း (Advanced Counselling Skills Training) – Counselling Corner

ဤသင်တန်းများသည် အတွေ့အကြုံမှတစ်ဆင့် သင်ယူခြင်း (Experiential Learning)၊ လက်တွေ့လေ့ကျင့်ခန်းများနှင့် လမ်းညွှန်မှုဖြင့် ပြန်လည်သုံးသပ်ခြင်းတို့မှတစ်ဆင့် ကောင်ဆယ်လင်း စွမ်းရည်များကို မြှင့်တင်ပေးရန် အဓိကထားပါသည်။

လက်တွေ့လေ့ကျင့်ခြင်းနှင့် ကြီးကြပ်သင်ယူခြင်း

ကောင်ဆယ်လင်း စွမ်းရည်ကို လေ့လာရာတွင် စာသင်ခန်းအတွင်း သင်ယူရုံမျှဖြင့် မလုံလောက်ပါ။ လက်တွေ့အတွေ့အကြုံနှင့် ကြီးကြပ်လမ်းညွှန်မှု
(Supervision) တို့သည် ကျွမ်းကျင်သော ကောင်ဆယ်လာတစ်ဦး ဖြစ်လာစေရန် အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။

သင်ယူသူများအနေဖြင့် အတွေ့အကြုံရှိ ပညာရှင်များ၏ လက်တွေ့လုပ်ဆောင်မှုများကို လေ့လာနိုင်ရန်၊ စွမ်းရည်များ မြှင့်တင်နိုင်ရန်နှင့် အကြံပြု
ချက်များ ရယူနိုင်ရန်အတွက် ကြီးကြပ်မှုအောက်တွင် အလုပ်သင်(Internship) ဆင်းခြင်း သို့မဟုတ် လက်တွေ့ကွင်းဆင်းလေ့လာခြင်းအခွင့်အလမ်းများကို ရှာဖွေရန် တိုက်တွန်းလိုပါသည်။

Myanmar Professional Counsellor Pathway သည်လည်း လက်ရှိ လေ့လာနေသူများအတွက် လက်တွေ့ဆင်းနိုင်မည့် အခွင့်အလမ်းများနှင့် “လေ့လာဆည်းပူးနေဆဲ ကောင်ဆယ်လာ” (Student Counsellor in Training) အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပေးခြင်းဖြင့် လမ်းညွှန်မှုနှင့် ကြီးကြပ်မှုများကို ရယူရင်းစနစ်တကျ ကျွမ်းကျင်မှုမြှင့်တင်နိုင်ရန် ကူညီပေးလျက်ရှိသည်။

P4 1024x576

အလုပ်သင်အခွင့်အလမ်း

လက်တွေ့အတွေ့အကြုံ ရယူလိုသော သင်ယူသူများအတွက် CounsellingCorner တွင် အလုပ်သင်အစီအစဉ် (Internship Programme) ရှိပါသည်။ ဤအစီအစဉ်သည် လေ့လာစောင့်ကြည့်ခြင်း၊ ကြီးကြပ်မှုအောက်တွင် လက်တွေ့လေ့ကျင့်ခြင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ လမ်းညွှန်မှု (Mentoring) တို့မှတစ်ဆင့်သင်ယူနိုင်မည့် အခွင့်အလမ်းများကို ပေးစွမ်းသည်။ ဤအတွေ့အကြုံသည်ကျောင်းသားများအနေဖြင့် လက်တွေ့နယ်ပယ်တွင် နှစ်သိမ့်ဆွေးနွေးပညာကိုမည်သို့အသုံးချသည်ကို နားလည်စေပြီး ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည်။

ကျွမ်းကျင်ကောင်ဆယ်လာ ဖြစ်လာစေမည့် လမ်းကြောင်း

ကျွမ်းကျင်ကောင်ဆယ်လာ တစ်ဦးဖြစ်လာခြင်းသည် သင်ယူလေ့လာမှု၊ကြီးကြပ်မှုအောက်တွင် လက်တွေ့လေ့ကျင့်မှုနှင့် အစဉ်တစိုက် လေ့လာ
ဆည်းပူးမှုတို့ လိုအပ်သော တဖြည်းဖြည်းချင်း သွားရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ Myanmar Professional Counsellor Pathway သည် ကောင်ဆယ်လာများ၏ ကွဲပြားခြားနားသော အဆင့်အသီးသီး၌ အထောက်အကူပေးလျက်ရှိပါသည်။

ဤလမ်းကြောင်းသည် ကောင်ဆယ်လာများအနေဖြင့် ကျင့်ဝတ်နှင့်ကျွမ်းကျင်မှုဆိုင်ရာ စံနှုန်းများကို ထိန်းသိမ်းပြီး ကလိုင်းယင့်များ၏
ကောင်းကျိုးအတွက် တာဝန်သိစွာဖြင့် ကျွမ်းကျင်မှုမြှင့်တင်နိုင်စေရန် ဒီဇိုင်းဖော်ဆောင်ထားခြင်း ဖြစ်သည်။

၁။ ကျောင်းသား / လေ့လာဆည်းပူးနေဆဲ ကောင်ဆယ်လာ (Student /Counsellor in Training)

ကောင်ဆယ်လင်းပညာ သို့မဟုတ် ကျွမ်းကျင်မှုများကို လေ့လာနေဆဲသူများအနေဖြင့် ဤအဆင့်တွင် ပါဝင်နိုင်သည်။ ဤအဆင့်၌ အဓိကထားရမည့်အချက်များမှာ-

  • ကောင်ဆယ်လင်းဆိုင်ရာ သီအိုရီများနှင့် ကျွမ်းကျင်မှုများကို လေ့လာခြင်း
  • အခြေခံ ကောင်ဆယ်လင်း နည်းစနစ်များကို လေ့ကျင့်ခြင်း
  • မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ခြင်းနှင့် သင်ယူမှုအပေါ် ဝေဖန်ဆန်းစစ်တတ်သည့် အလေ့အကျင့်ကို ပျိုးထောင်ခြင်း
  • ဖြစ်နိုင်လျှင် လက်တွေ့ကောင်ဆယ်လင်းများကို လေ့လာစောင့်ကြည့်ခြင်း

၂။ ကြီးကြပ်မှုအောက်တွင် လက်တွေ့ကျင့်သုံးခြင်း (Supervised Counselling Practice)

အခြေခံသင်တန်းများ ပြီးမြောက်ပြီးနောက် ကောင်ဆယ်လာများသည်ကြီးကြပ်လမ်းညွှန်မှုအောက်တွင် လက်တွေ့လုပ်ဆောင်ရင်း ၎င်းတို့၏
ကျွမ်းကျင်မှုကို စတင်မြှင့်တင်ကြသည်။ ကြီးကြပ်မှု (Supervision) သည် မိမိ၏ အလုပ်ကို ပြန်လည်သုံးသပ်ရန်၊ အခက်အခဲများကို ဆွေးနွေးရန်နှင့်
အတွေ့အကြုံရှိသူများထံမှ လမ်းညွှန်မှုရယူရန် အလွန်အရေးကြီးသည်။ ဤအဆင့်တွင်:

  • ကောင်ဆယ်လင်း ကျွမ်းကျင်မှုများကို ဆက်လက်မြှင့်တင်ခြင်း
  • ကျင့်ဝတ်နှင့် ကျွမ်းကျင်မှုဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာခြင်း
  • လက်တွေ့ကောင်ဆယ်လင်း နာရီများကို မှတ်တမ်းတင်ခြင်း
  • စဉ်ဆက်မပြတ် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (OPD) တွင် ပါဝင်ခြင်း

၃။ ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းများကို ဖွံ့ဖြိုးစေခြင်း (Developing Professional Competence)

အတွေ့အကြုံနှင့် လေ့ကျင့်မှုများ ပိုမိုရရှိလာသည်နှင့်အမျှ ကောင်ဆယ်လာများသည် ပိုမိုမြင့်မားသော ကျွမ်းကျင်မှုအရည်အချင်းများကို ရရှိလာမည်ဖြစ်သည်။ ၎င်းတွင် မိမိ၏ ကျွမ်းကျင်မှုအတိုင်းအတာ (Scope of practice)ကို နားလည်ပြီး ကလိုင်းယင့်များ၏ မတူညီသော စိုးရိမ်ပူပန်မှုများကို တာဝန်သိစွာ ကိုင်တွယ်နိုင်စွမ်းများ ပါဝင်သည်။

၄။ ကျွမ်းကျင်နှစ်သိမ့်ဆွေးနွေးပညာရှင် (Professional Counsellor)

ဤအဆင့်ရှိ ကောင်ဆယ်လာများသည် ကျင့်ဝတ်ဆိုင်ရာ လိုက်နာမှု၊ ကြီးကြပ်လမ်းညွှန်မှုခံယူမှုနှင့် အစဉ်တစိုက် သင်ယူမှုတို့အပေါ် ခိုင်မာသောကတိကဝတ်ရှိသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အောက်ပါတို့မှတစ်ဆင့် မိမိတို့၏ အရည်အသွေးကို ထိန်းသိမ်းကြသည်-

  • ပုံမှန် ကြီးကြပ်လမ်းညွှန်မှု (Supervision) ခံယူခြင်း
  • စဉ်ဆက်မပြတ် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (OPD)
  • ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာခြင်း
  • မိမိ၏ ကျွမ်းကျင်မှုနယ်ပယ်အတွင်း တာဝန်ယူမှုရှိသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်း

အကျဉ်းချုပ် လမ်းကြောင်းပုံစံ-

ကျောင်းသား / လေ့လာဆည်းပူးနေဆဲ ကောင်ဆယ်လာ

ကြီးကြပ်မှုအောက်တွင် လက်တွေ့ကျင့်သုံးခြင်း

ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းများကို ဖွံ့ဖြိုးစေခြင်း

ကျွမ်းကျင်ကောင်ဆယ်လာ

Scroll to Top